ပခုက္ကူ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၉ နာရီအချိန်က ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ဟောပြောခဲ့သည်။
ထိုသို့ဟောပြောရာတွင် ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးမှူး ဒေါ်မြမြသက်၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့ ရေဘေးရှောင်ကူညီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများထံ ကွင်းဆင်း၍ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပြင်းထန်ဝမ်းပျက်လျှောရောဂါဖြစ်ပွားမှုအခြေအနေများ၊ ရောဂါလက္ခဏာရပ်များ၊ ရောဂါကူးစက်ပုံအဆင့်ဆင့်၊ ရောဂါကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း အသိပညာပေးရှင်းလင်းဟောပြောကြပြီး အားဖြည့်အစားအစာများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အတူ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိလူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၂၈ ခုဖွင့်လှစ်ကာ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအလိုက် ရောဂါကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ထမင်း၊ အားဖြည့်အချိုရည်၊ သောက်သုံးရေသန့်နှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)