ပခုက္ကူ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိရာ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများထံ သွားရောက်ကာ သောက်သုံးရေများကူညီထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကူညီထောက်ပံ့မှုများကို ပခုက္ကူမြို့၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်း၍ ဧရာဝတီမြစ်ရေဝင်လျက်ရှိသည့် အမှတ် (၁၃) နှင့် (၁၄) ရပ်ကွက်နေပြည်သူများ၊ ကုက္ကိလ်လှ၊ သင်္ဘောကုန်း၊ ကြက်တန်းကုန်း၊ ရွာသစ်ကုန်းကျေးရွာနေ ပြည်သူများထံ သွားရောက်ကာ သောက်သုံးရေသန့်များ၊ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများအား ကူညီထောက်ပံ့ကြသည်။
အလားတူ ပခုက္ကူခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ဧရာဝတီမြစ်ရေ အတက်အကျ အခြေအနေအား စဉ်ဆက်မပြတ်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်း၊ ရေဘေးသင့်အိမ်ထောင်စုများအတွက် ရေဘေးရှောင် ကူညီကယ်ဆယ်ရေးစခန်း (၂၈) ခုဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်း၊ လိုအပ်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များ၊ ဆေးဝါပစ္စည်းများ ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)