ပေါင်းတည် ဇူလိုင်၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ကမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် စည်ပင်သာယာရေး စျေးများအတွင်း ပလပ်စတစ်(ကြွပ်ကြွပ်အိတ်) သုံးစွဲမှုလျော့ချရေး Campaign တိုးမြှင့်ဆောင်ရွက်ခြင်း၊ မြို့ပြင်ကားလမ်းဘေးယာယီစျေးသည်များ စည်းကမ်းတကျရောင်းချနိုင်ရန် ကြီးကြပ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ရန်ကုန်-ပြည်ကားလမ်းဘေးတစ်လျှောက်တွင် ရောင်းချနေကြသော ယာယီပြောင်းဖူးဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်းကမ်းတကျ၊စနစ်တကျ သပ်သပ်ရပ်ရပ်ရောင်းဝယ်ကြရန် တာဝန်ရှိဝန်ထမ်းများက မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အဝေးပြေးကားလမ်းမဘေးဝဲယာတစ်လျှောက်တွင် ဒေသထွက်ကုန်ဖြစ်သော စိုက်ပျိုးသီးနှံထွက်ကုန်ပြောင်းဖူးများကို ယာယီရောင်းချခွင့်ပေးထားပြီး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အကျိုးဖြစ်ထွန်းနိုင်စေရန်နှင့် စားသုံးသူပြည်သူများ စျေးနှုန်းချိုသာစွာ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ရောင်းချခွင့်ပေးထားကြောင်း သိရသည်။
ထိုစျေးဆိုင်များကို မြို့ပြသာယာသန့်ရှင်းသပ်ရပ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ထိုသို့ယာယီရောင်းချခွင့်ပြုထားသော ပြောင်းဖူးဆိုင်ပေါင်း ၄၀ ခန့်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)