လှိုင်းဘွဲမြို့နယ်၊ ကျောက်တောင်ကျေးရွာ ဖောင်တော်ဦးစခန်း၌ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) စုပေါင်းစိုက်ပျိုး

ဘားအံ ဇူလိုင် ၂၂

ကရင်ပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုးဧက (၁၀၀၂၉)ဧကမှ ကော်ဖီအစေ့အဆံတန်ချိန် (၂၁၂၂၉ ဒဿမ၆) တန်ခန့်ထွက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံးစာရင်းတွင် ပါဝင်သော ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ယခုနှစ်တွင် ကရင်ပြည်နယ်၌ ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ တာပေါင်ကျေးရွာအုပ်၊ ကျောက်တောင်ကျေးရွာ၊ ဖောင်တော်ဦးစခန်း၌ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

စုပေါင်းစိုက်ပျိုးပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကော်ဖီသီးနှံသည် တန်ဖိုးမြင့်သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့လူသန်းပေါင်းများစွာက နေ့စဉ်ကြိုက်နှစ်သက်စွာ သောက်သုံးလျက်ရှိသကဲ့သို့ ကမ္ဘာ့ကုန်သွယ်မှုကဏ္ဍတွင် နိုင်ငံခြားငွေရရှိသည့် အရေးပါသောကုန်စည်တစ်ခုဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် အထူးတန်းဝင်ကော်ဖီ ထုတ်လုပ်ရန်သင့်လျော်သည့် ဒေသဖြစ်သည့်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သည့် ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် နေရာအနှံ့ တိုးချဲ့စိုက်ပျိုးလာနိုင်မှသာ ဈေးကွက်ဝယ်လို အားကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ပြည်နယ်၏ အနာဂတ်ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှိုင်းဘွဲမြို့နယ် ကဒိကံ၊ ကော့မြတ်ကြီး၊ နောင်ဘိုကြီး၊ ရွာကိုင်းကောင်း၊ ဝင်းဖရကျေးရွာများမှ တောင်သူများအား ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးအပ်ပြီး တောင်သူများကိုယ်စား တောင်သူစောဝင်းနိုင်စိန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသော တောင်သူများက တောင်သူစောဝင်းနိုင်စိန်၏ သစ်မာပင်စိုက်ခင်း ၂ ဒဿမ ၅၀ ဧကတွင် မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ)ပျိုးပင် ၁၆၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံတောင်သူများ၏ ကော်ဖီပျိုးပင် စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီး ရေဘုတ် ရေလှောင်တမံ ရေပြည့်အမှတ်ထက်ရေကျော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသန်းဦးက ရေဘုတ်တမံရေပိုလွဲမှ ၁ ဒဿမ ၄ ပေ ရေကျော်နေမှု၊ မိုးရွာရက်၊ မိုးရေချိန်နှင့် အရေးပေါ် အခြေအနေ ရောက်ရှိလာပါက တုံ့ပြန်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘုတ်ရေလှောင်တမံရေပိုလွှဲမှ ၁ ဒဿမ ၄ ပေ ရေကျော်နေမှု အခြေအနေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရေဘုတ်တူးမြောင်းမကြီး ပေတိုင် ၉၀၀ ရှိ Check Structure နှင့် Canal Side spill Structure နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော Escape Outfall Channel တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပိုလွှဲအနီး တမံဧရိယာများတွင် ကျွန်းပင်များ ထပ်မံစိုက်ပျိုးသွားရန်၊ ရေချိုသယံဇာတများ ဆုံးရှုံးမှုနည်းပါးစေရန် ရေပိုလွှဲမှ ရေကျော်လေ့ရှိသော ချောင်းများတူးမြောင်းများတွင် ရေထိန်းရေတံခါးများအား ကွင်းဆင်းတိုင်းတာလေ့လာ၍ တည်ဆောက်ပေးသွားရန်  မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)