မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တင်လှူပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တင်လှူပူဇော်ပွဲ အခမ်းအနားတွင် ဦးစွာ ပင့်သံဃာတော်များထံသို့ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်များကို  တပ်နယ်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများနှင့် တက်ရောက်လာကြသူများက ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် သံဃာတော်များထံမှ ကိုးပါးသီလတရားတော်များကို နာယူဆောက်တည်ကြပြီး ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို တာဝန်ရှိသူများနှင့် အလှူရှင်မိသားစုများက ဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားတော်များကို နာယူကြသည်။ ထို့နောက် သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင် စေတီတော်မြတ်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တာဝန်ရှိသူများ၊ အလှူရှင်မိသားစုများနှင့် ဒေသခံပြည်သူများက စုပေါင်းတင်လှူပူဇော်ပြီး အလှူရှင်မိသားစုများက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့သည်။ အဆိုပါ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ ယခင်ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့မှာ မေလ ၂ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ၎င်းတို့အား အလှူရှင်မိသားစုများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ယခုကဲ့သို့ အသစ်ပြန်လည်တင်လှူပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ