ဒေးဒရဲ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ပြည်သူများ သိရှိလိုက်နာရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဒေးဒရဲတံတားလမ်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေးဒရဲမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေးဒရဲမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု (၈၀)ရှိ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပြည်သူများ လိုက်နာနိုင်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မော်တော်ယာဉ် မောင်းနှင်လိုက်ပါ စီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနှင်ခြင်း ရှိ/မရှိနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများကို အပတ်စဥ်ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများ အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများနှင့် အညီ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း