ပွင့်ဖြူမြို့နယ် ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးတွင် ဝါဆိုကြာသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ

ပွင့်ဖြူ  ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအနီး တည်ထားကိုးကွယ်ထားရှိသော ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၈ နာရီက  ဝါဆိုကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုကြာသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပါဝါရုံ ရွှေပန်းမြိုင် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များ စုပေါင်းလှူဒါန်းပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်များက ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍ စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓဆင်းတုတော်(၂၅)ဆူအား ဝါဆိုကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ ထို့နောက် ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီး၏ နာယက ဆရာတော် ဘဒ္ဒန္တဇောတိက (တိုင်းဒေသကြီးသံဃနာယကဝန်ဆောင်ဆရာတော်) ထံမှ အနုမောဒနာ တရားနာယူကြည်ညိုပြီး နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှတန်းပေးဝေခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာအနီးရှိ ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးသည် မြို့နယ်အတွင်းရှိသာသနာ့သမိုင်းဝင် ရုံလေးရုံဘုရား(၄)ဆူတွင် တစ်ဆူအပါအဝင်ဖြစ်ကာ ဘဒ္ဒကမ္မာတွင် တတိယပွင့်တော်မူသည့် ကဿပဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက သီတင်းသုံးနေထိုင်ခဲ့သည့် စေတီတော်မြတ်ကြီးဖြစ်၍  ဗုဒ္ဓဘာသာအထိမ်းအမှတ် နေ့ထူးနေ့မြတ်များနှင့် ရုံးရက်ရှည် ပိတ်ရက်များတွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဖိုးပါထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)