ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့တွင်(၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲတော်နှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကား

ဗိုလ်တထောင် ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊  ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့ (၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲကို ယနေ့နံနက်(၁၀)နာရီက ရင်ပြင်ပေါ်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၌ ပုညသုခကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမေဓာနန္ဒနမှ ကိုးပါးသီလနှင့်ဝါဆိုသင်္ကန်းကပ်တရား၊ ရေစက်ချတရားတော်များ ဟော ကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ဆရာတော်အား ရွှေသံလွင်ကုမ္ပဏီမှ နှစ်ဖက်သော မိဘများအားအမှူးထား၍ ကိုအောင်ပြည့်စုံ၊ မမျိုးရတနာထိုက်၊ သမီးခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင်၊ မခင်မေတ္တာ ပြည့်စုံလှိုင်မိသားစုတို့မှ သီလပေးဆရာတော်အား ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ဥပုသ်သီလတရားနာယူ ပုဂ္ဂိုလ်များအား ကြက်ဆီဆွမ်းဘူးများဖြင့် ကုသိုလ်ဒါနပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် မြတ်ကြီး၌ ၁၃၈၆ ခုနှစ် ဝါတွင်း သုံးလဥပုသ်နေ့များ၌ အပတ်စဉ် နံနက် ၁၀ နာရီ၌လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲအချိန်ထိနှင့် နေ့လယ် ၃ နာရီမှ ၅ နာရီအထိ ဝါတွင်း ၁၃ ပတ်တိတိအား အပတ်စဉ်သီလ ပေးခြင်းတရားပွဲများ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုဝါတွင်းကာလ ဥပုသ်နေ့များ တွင် တရားချီးမြှင့်သည့် ဆရာတော်ကြီးများအား သံဃပူဇာအနေဖြင့် သံဃာတော်တစ်ပါးလျှင် သင်္ကန်းခြင်း(၁)ခြင်းနှင့် နဝကမ္မဝတ္ထု ငွေကျပ်(၃၀၀၀၀၀/)တိတိဖြင့် ဥပုသ်(၁၃)ပတ်အတွက် စုစုပေါင်း နဝကမ္မဝတ္ထုငွေ (၁၁၇၀၀၀၀၀/)တိတိအား အလှူရှင်  ကိုအောင်ပြည့်စုံ၊ မမျိုး ရတနာထိုက်၊ သမီးခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင်၊ မခင်မေတ္တာပြည့်စုံလှိုင် မိသားစုတို့က ကုသိုလ်ပြုလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့တွင် ပြည်သူအများ ဘုရားလာရောက် ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခင်ဝင်း (ပြန်/ဆက်)