မင်းလှမြို့နယ် ရွှေဘုန်းသာဘုရားဝန်းအတွင်း၌ မဟာမုနိရုပ်ပွားတော်မြတ်သီတင်းသုံးမည့် ဂန္ဓကုဋိတိုက်တော်နှင့် အာရုံခံတန်ဆောင်းတော်တည်ဆောက်ရန် ပန္နက်‌တော်တင်မင်္ဂလာ ကျင်းပ

အထက်မင်းလှ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာဝင်းအတွင်း၌ မဟာမုနိရုပ်ပွားတော်မြတ်သီတင်းသုံးမည့် ဂန္ဓကုဋိတိုက်တော်နှင့် အာရုံခံတန်ဆောင်းတော် တည်ဆောက်ရန်ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေဘုန်းသာ ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသည့်သူများက ရတနာသံဖြူကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက် ပန္နက်တော်တင်ရန် မင်္ဂလာ ရောက်ရှိအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးရဲမှူး ကျော်သန်း၊အဖွဲ့ဝင်(၂)ဦးစန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများက မဟာမုနိရုပ်ပွားတော်မြတ်သီတင်းသုံးမည့် ဂန္ဓကုဋိတိုက်တော်နှင့် အာရုံခံတန်ဆောင်းဆောက်လုပ်နိုင်ရန် သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင်၊ ရွှေဘုန်းသာဘုရားဝင်းအတွင်း မဟာမုနိရုပ်ပွားတော်မြတ် သတင်းသုံးမည့် ဂန္ဓကုဋိတိုက်တော်နှင့် အာရုံခံတန်ဆောင်းတော်ကိုအလျား(၈၅)ပေ၊ အနံ(၄၀)ပေအား၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)