တပ်ကုန်း ဇူလိုင် ၂၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ဇော်ဇော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာအုပ်စု၊ စိန်ပန်းပင်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက စိန်ပန်းပင်ကျေးရွာ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒာပဏ္ဍိတအား ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းနှင့်နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများအနေဖြင့် ကျေးရွာလုံခြုံရေးနှင့်တည်ငြိမ်ရေးလုပ်ငန်းများကိုလည်း ဆောင် ရွက်ကြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စပါးနှင့်ဆီထွက် သီးနှံများအား အဓိကထားစိုက်ပျိုးသွားကြရန်လိုပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးကြရန်၊ ယခင်စိုက်ပျိုးခဲ့သည့် စိုက်ပျိုးနည်းစနစ်များအစား Seeder စနစ်ဖြင့် စိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးမြေများအား သဘာဝမြေဩဇာများအား သုံးစွဲခြင်းဖြင့် မြေဆီလွှာကို ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်းမှ ထွက်ကုန်များကိုလည်း ကုန်ကြမ်းအဆင့်မှ ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးအထိ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ဌာနများမှလည်း နည်းပညာ၊ အတတ်ပညာရပ်များ ဖြန့်ဝေဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ကိုယ့်သား၊သမီးများ အတတ်ပညာရပ်ရရှိစေရေးအတွက် ကျေးချောင်း ကျေးရွာအုပ်စု၊ သော်တာကျေးရွာတွင် ဖွင့်လှစ်ထားသည့်အခြေခံပညာ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(MRTV)ကျောင်းကိုလည်း တက်ရောက်သင်ကြားစေလိုကြောင်း၊ စားသုံးဆီလျှော့ချ သုံးစွဲနိုင်ရေးအတွက် ဒေသထွက်ဆီထွက်သီးနှံများအား ကုန်ကြမ်းအတိုင်း ရောင်းချခြင်း ထက် ကြိတ်ခွဲ၍ ကုန်ချောထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့်ပညာရေးကဏ္ဍများ၊ ကျန်းမာရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများက ကျေးရွာလမ်းအဆင့်မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်သုံး လျှပ်စစ်မီးဆောင်ရွက်ရေးတင်ပြခဲ့ကြရာ ကျေးရွာပြည်သူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ကျေးရွာလမ်းများ အဆင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် ကျေးလက်ပြည်သူများအနေဖြင့် ကျေးရွာလမ်းများအား တိုးချဲ့ကာရံခြင်းမပြုလုပ်ရန်၊ ရပ်ရွာအေးချမ်းလုံခြုံရေးအတွက် အဝေးရောက်ဧည့်သည်များ ရောက်ရှိ လာပါက သက်ဆိုင်ရာရွာလူကြီးများကို ဧည့်စာရင်းများ တိုင်ကြားရေး ရှင်းလင်းပြောကြား၍လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်မင်းထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သိန်း ၃၀၀ ကျပ် ထုတ်ချေးသုံးစွဲမှုနှင့် ၄ လက်မ စက်ရေတွင်း၊ ဂါလံ ၂၄၀၀ ဆံ့ရေစင်၊ ၁၀ပေx ၈ပေ x ၈ပေ ရေစက်ရုံ ဆောင်ရွက်နေမှုလုပ်ငန်းများ ရှင်းလင်းပြောကြား၍လည်းကောင်း၊ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ဇော်ဇော်မျိုးက လျှပ်စစ်ဓာတ်အားလိုင်များ ကျေးရွာအရောက်ဆောင်ရွက်မည့်လုပ်ငန်းနှင့်ကုန်ကျငွေများ ရှင်းလင်းပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် နိဂုံးချုပ်အနေဖြင့် စိန်ပန်းပင်ကျေးရွာ ပြည်သူများ၏ လိုအပ်လျက်ရှိသည့် လမ်းအဆင့်မြှင့်တင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းစာသင်ဆောင် လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ စက်ရေတွင်း တူးဖော်မှုလုပ်ငန်းများ သတ်မှတ်ကာလအချိန် ပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်