ကြံခင်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက သွားရောက်ပြီး ထမင်းထုပ်၊ စားသောက်ဖွယ်ရာများကို ယနေ့ နက်ပိုင်းက လှူဒါန်းခဲ့ကြသည်။
ဦးစွာ မြို့မရပ်ကွက်ရှိ တာဝတိံသာဇာတ်ရုံနှင့် ထားဝယ်ဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေး ရှောင်စခန်းသို့သွားရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ရေးဘေးရှောင် ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ မိသားစု အချင်းချင်း ဖေးမကူညီကာ မိသားစုစိတ်ဖြင့် နေထိုင်ကြရန်နှင့် မိမိတို့နေထိုင်စဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၊ ဇာတ်ရုံအတွင်းအပြင် သန့်ရှင်းစေရေး ပူပေါင်းဆောင်ရွက်သွားကြရန် ပြောကြားပြီး အလှူရှင်မိသားစုများက လှူဒါန်းသည့် ထမင်းထုပ်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူးများအား အိမ်ထောင်စု ၆၇ စု လူဦးရေ ၂၁၀ ဦး အားလည်းကောင်း၊ တလိုင်းကွေးကျေးရွာရှိ အိမ်ထောင်စု ၆၄ စုအတွက် ဆန်၊ ထမင်းထုပ်နှင့် ရေသန်ဘူးများလည်းကောင်း သွားရောက်လှူဒါန်းပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင် ရွှေဖူးသစ် စိန်ရွှေ ရတနာဆိုင်မိသားစုနှင့်အတူ ဆုံလဲအုပ်စု၊ သစ်ဆိမ့်ကုန်းဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးသင့် စခန်းသို့ သွားရောက်ပြီး အိမ်ထောင်စု ၆၃ စု၊ ဆိပ်သာရွာ အိမ်ထောင်စု ၂၄ စု၊ သပြေလှရွာ အိမ်ထောင်စု ၂၀ စုတို့အား ဆန်၊ကြက်ဥနှင့် ရေသန့်ဘူးအား အလှူရှင်မိသားစုနှင့်အတူ လှူဒါန်းပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျန်းမာရေးဆိုင်ရာ အသိပညားပေး ဟောပြောသည်။
ဆက်လက်၍ ရွှေတောင်စုရပ်ကွက်ရှိ အား/ကာမိုးလုံလေလုံခန်းမနှင့် ဖိုးရှိုးဆိပ်ကမ်းဂိုဒေါင်တို့တွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးသင့် အိမ်ထောင်စု ၁၃၁ စုအား ထမင်းထုပ်၊ ဆန်၊ ကြက်ဥနှင့် ရေသန့်ဘူးများ လှူဒါန်းပေးလျက်ရှိရာ ကြံခင်းမြို့နယ်အတွင်း ယာယီရေဘေးသင့် အိမ်ထောင်စု ၂၅၆ စု၊ လူဦးရေ ၈၂၆ ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)