မကွေး ဇူလိုင် ၂၀
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များ၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သော အခမ်းအနားသည် မိမိတို့တိုင်းဒေသကြီးအတွက် ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုသည်မှာ စည်းကမ်း နည်းလမ်းတိကျစွာ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ကျင်းပသည့် တစ်ခုတည်းသော ပညာအရည်အချင်း စစ်ဆေးသည့် စာမေးပွဲဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သောသူများသည် မိမိဘဝ၏ ပထမအဆင့် အခက်အခဲတစ်ခုကို ကျော်လွှားအောင်မြင်နိုင်ပြီဖြစ်ပြီးဘဝကို ထူထောင်ရေးအတွက် လမ်းစပွင့်သွားပြီလည်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သော သူများအနေဖြင့်ကြောင့် မိမိဝါသနာပါရာ ပညာရပ်အသီးသီးကို ဆည်းပူးလေ့လာတဲ့အခါ ဗလ ငါးတန်ဖြစ်တဲ့ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလများကိုလည်း တစ်ပြိုင်တည်း လေ့လာဆည်းပူးရမှာဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများတွင် သင်ကြားခဲ့ရတဲ့ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ၊ ဂီတ၊ ပန်းချီ၊ ကျောင်းကျန်းမာရေး၊ စက်မှုလက်မှု၊ အိမ်တွင်းမှု၊ စိုက်ပျိုးရေး စသည့် အခြေခံဘက်စုံ အတတ်ပညာများကိုလည်း မမေ့မလျော့ဘဲ မိမိဘဝတွင် အလျဉ်းသင့်သလို လိုက်နာကျင့်သုံးရမှာဖြစ်ပါကြောင်း၊ ယနေ့ခေတ် သည် ICT- Information, Communication &Technology ခေတ်ဖြစ်လို့ မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်အကြောင်းအရာနှင့် ဗဟုသုတ အချက်အလက်များကို Facebook၊ Youtube, Tiktok, Twitter, Google, Telegram, Viber စသည့် Applications များကို အသုံးပြုပြီး လိုသလောက် ရှာဖွေလေ့လာသင်ယူနိုင်ပါကြောင်း၊ Mobile Phone ကို အသုံးပြုပြီး အကျိုးရှိတဲ့ သင်ခန်းစာများကို ရယူနိုင်သလို အကျိုးမရှိဘဲ အန္တရာယ်ရှိပြီး မကောင်းတဲ့ ပညာရပ်တွေကိုလည်း တွေ့ရှိနိုင်တာဖြစ်လို့ အတုယူမမှားစေဖို့ သတိပြုဖို့ အထူးမှာကြားလိုပါကြောင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း မကွေးတိုင်းဒေသကြီးအနေဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံး၊ ပထမအဆင့် ပြန်လည်ရရှိရေးအတွက် တက်ရောက်လာသည့် တာဝန်ရှိသူများ အနေဖြင့် စည်းလုံးညီညာစွာ အတူလက်တွဲပြီး ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးနိုင်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် “Top Ten” ဆုရရှိသူ(၂)ဦး၊ အောင်ချက် အကောင်းဆုံးမြို့နယ်သုံးမြို့နယ်၊ အောင်ချက်အကောင်းဆုံး ကျောင်းသုံးကျောင်း နှင့် (၆)ဘာသာ ဂုဏ်ထူးရရှိသူ(၄၅)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းတို့က ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၅) ဘာသာဂုဏ်ထူးရှင်(၅၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၉၂)ဦးနှင့် ကျောင်းပြင်ပ ပညာရေးမှ ဂုဏ်ထူး (၄)ဘာသာဖြင့် အောင်မြင်ခဲ့သူတစ်ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ်များရှိ ပါမောက္ခချုပ်များက ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲအကြို ဆန်းစစ်လွှာ မေးခွန်းပြုစုပေးခဲ့သည့် ဆရာ/ဆရာမ များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ချီးမြှင့်ပေးအပ်ခဲ့သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ (၉၄၇၀) ဦးရှိပြီး အောင်မြင်သူ(၆၀၇၃)ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၆၄ ဒသ မ ၁၃) ရာခိုင်နှုန်းရှိပြီး (၆)ဘာသာ ဂုဏ်ထူးရှင် (၄၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၅၃)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၉၂) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၃၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၅၇)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၅၈၇)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၁၇၃)ဦးရရှိသည့်အပြင် နိုင်ငံတော်အဆင့် Top Ten ဆုရရှိသူ နှစ်ဦးကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(ပြန်/ဆက်)