သာယာဝတီ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယနေ့နံနက်ပိုင်းက အင်းရွာအုပ်စု၊ တောရကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ မျိုးကောင်းမျိုးသန့်များအသုံးပြုစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ စနစ်တကျ အပင်ပြုစုစောင့်ရှောက်ရေး၊ သွင်းအားစုမြေဩဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနိုင်ရေး၊ ရွှေခရုကာကွယ်နှိမ်နင်းနည်းများနှင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် ရွှေခရုများကောက်ယူဖျက်ဆီးခြင်းစသည့် နည်းပညာများကို ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ရွှေခရုကာကွယ်နှိမ်နင်းနည်းများ ဆွေးနွေးဟောပြောပြီး သာယာဝတီမြို့နယ်၊ အင်းရွာအုပ်စု၊ တောင်သူဦးသိန်းနိုင်၏ မိုးစပါးစိုက်ခင်းတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ရွှေခရုကောက်ယူဖျက်ဆီးခြင်းကို တောင်သူများနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်၊ မြို့နယ်ဦးစီးမှူး၊ ခရိုင်နှင့် မြို့နယ်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်းအင်အား (၅၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)