ပြ​ည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား U-20 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ပြည် ဇူလိုင် ၁၈

၂၀၂၄ ခုနှစ် ပြ​ည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ်နှင့်တက္ကသိုလ်၊ ဒီဂရီကောလိပ်များ U-20 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၃ နာရီက ပြည်မြို့ ခေတ္တရာရတနာရွှေပြည် ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ပေါက်ခေါင်းမြို့နယ်အသင်းနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအသင်းတို့ တတိယနေရာလုပွဲယှဉ်ပြိုင်ကစားကြရာ ပေါက်ခေါင်းမြို့နယ်အသင်းက ပင်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးဖြင့် တတိယဆုဆွတ်ခူးရရှိသည်။ ထို့နောက် ဗိုလ်လုပွဲကို ပြည်မြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရွှေတောင်မြို့နယ်အသင်းက ပြည်မြို့နယ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိပထမဆုရဗိုလ်စွဲခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆုအပါအဝင် အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆုနှင့် အကောင်းဆုံးရှေ့တန်းဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး တတိယဆုရပေါက်ခေါင်းမြို့နယ်အသင်းအား  ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်ကလည်းကောင်း၊ ဒုတိယဆုရပြည်မြို့နယ်အသင်းအား ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ထွန်းနိုင်ကလည်းကောင်း၊ ပထမဆုရ ရွှေတောင်မြို့နယ်အသင်းအား ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများပေးအပ်ချီးမြှင့်ကြပြီး ဆက်လက်၍  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က ပထမဆုရ‌ ရွှေတောင်မြို့နယ်အသင်းအား "တံခွန်စိုက်ဖလားဆုကြီး" ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြ​ည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  U-20 အမျိုးသမီးဘောလုံးပြိုင်ပွဲကို  ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်းနှင့် ရွှေတောင်အစရှိသည့် ပြည်ခရိုင်အတွင်း (၄)မြို့နယ်ကိုယ်စားပြု အသင်း ၄ သင်းနှင့် ပြည်မြို့ရှိတက္ကသိုလ်/ဒီဂရီကောလိပ်‌‌ပေါင်းစုံညွန့်‌ပေါင်းအသင်းအပါအဝင် စုစုပေါင်း အသင်း ၅ သင်း ပတ်လည်စနစ်ဖြင့် ဇူလိုင် ၈ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကို လာမည့်ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့်  တိုင်းဒေသကြီးကိုယ်စားပြုအသက်(၂၀)နှစ်နှင့်အောက် ထူးချွန်အမျိုးသမီး‌ ဘောလုံးအားကစားသမားကောင်းများ ရရှိထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)