ရန်ကုန် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)မှရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များနှင့် တွေ့ဆုံ၍ သာသနာရေးရာများ၊ ဝိနိစ္စယရေးရာများ၊ ပညာရေးရာကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဗဟန်းမြို့နယ် ကြားတောရလမ်းနှင့် ရေတာရှည်လမ်းဟောင်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိက အဖွင့်သြဝါဒကထာမြွတ်ကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်က သြဝါဒကထာမြွတ်ကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဦးတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားကြသည်။ ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များနှင့် ဋ္ဌာနဆိုင်ရာပုဂ္ဂိုလ်များက သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးလျှောက်ထားရာ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိက ဆွေးနွေးလျှောက်ထားမှုအပေါ် ပြန်လည်ညှိနှိုင်းလျှောက်ထားပြီး နိဂုံးချုပ်သြဝါဒကထာမြွတ်ကြားခဲ့သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၊ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တဝိမလ၊ အကျိုးဆောင်ဘဒ္ဒန္တသုမင်္ဂလ၊ တွဲဖက်အကျိုးတော်ဆောင် ဘဒ္ဒန္တကုမာရနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ရွှေကျင်ဂိုဏ်း၊ မူလဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်း၊ မဟာဒွါရဂိုဏ်း၊ ဝေဠုဝန်ဂိုဏ်းများမှဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးဋ္ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဇော်ဦး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် ခရိုင်သာသနာရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဗဟန်းမြို့နယ်၊သုံးခွမြို့နယ်၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ် သာသနာရေးမှူးရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်