အမရပူရ ဇူလိုင် ၁၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၌ ကျရောက်မည့် (၇၇) နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “အာရှသူရဲကောင်း” သီချင်းကိုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာအောင်မျိုးထွန်းက "မမေ့အပ်သော အာဇာနည်နေ့" ခေါင်းစဉ်ဖြင့် အာဇာနည်နေ့အကြောင်းအရာများကို ဟောပြောသည်။
ထို့နောက် ဟောပြောပေးပါသော ပါမောက္ခ ဒေါက်တာအောင်မျိုးထွန်းအား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)