တိုက်ကြီး ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ဧရာ၀တီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၅ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အဖျောက်မြို့ အမှတ်(၄)ရပ်ကွက် ပန်းတုန်းပိတ်ကျေးရွာရှိ ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်သည့် တာအရှည်(၂၃၀)ပေ၊ တာအမြင့်(၃၈)ပေအပေါ်တွင် သဲအိတ်ပေါင်း(၁၅၀၀)အိတ်ဖြင့် အမြင့်(၂)ပေထပ်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး စိုးမိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အဖျောက်မြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေး၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၂၀၅)ဦးတို့ဖြင့် ဧရာဝတီမြစ်ကမ်းပြိုကမ်းစားအန္တာရာယ်မှ ကာကွယ်နိုင်ရေးအတွက် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိပြီး ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျေးရွာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)