လှိုင်မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုရှိသည့်နေရာများသို့ ကွင်းဆင်း၍ Community based control လုပ်ငန်းများ ဆောင်ရွက်

လှိုင် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းခရိုင် လှိုင်မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၁၂) ရပ်ကွက်သို့ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဘုန်းကြီးကျောင်းများ၊ အခြေခံပညာကျောင်းများရှိ သောက်သုံးရေကန်များအတွင်း ကလိုရင်းနှင့် ရေသန့်စင်ဆေးပြားများခတ်ပေးခြင်း၊ စျေးများအတွင်း အမှိုက်ပုံးများ စနစ်တကျထားရှိပေးခြင်း၊ စျေးလျှောက်လမ်းများအား ထုံးဖြူးခြင်း၊ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် စျေးရောင်းချရာတွင် စနစ်တကျဖုံးအုပ်၍ သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးအသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဂရုပြုလိုက်နာဆောင်ရွက်သင့်သည်များကို အသိပညာပေး ပြောကြားခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိသည်။

ယမင်း (ပြန်/ဆက်)