မိုးနဲမြို့၌ ကူဘိုတာ‌ကောက်စိုက်စက်ဖြင့် စပါးကွင်းသရုပ်ပြစိုက်ပျိုး

မိုးနဲ ဇူလိုင် ၁၈

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ တောင်သူလုံးဆိုက်၏ လယ်မြေ‌နေရာ၌ (၆)တန်းသွား ကူဘိုတာကောက်စိုက်စက်ဖြင့် စပါးကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတောင်သူလယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မော်ဦးက ကူဘိုတာ(၆)တန်းသွား ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စပါးကွင်းသရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် လယ်တစ်ဧကအတွက် မျိုးစပါးတစ်တင်းခန့်သာ ကုန်ကျ၍ ကုန်ကျမှုသက်သာခြင်း၊ တစ်ဧကလျှင် နာရီဝက်ခန့်သာ စိုက်ပျိုးချိန်ကြာခြင်း၊ ပေါင်းမြက် ရှင်းလင်းရန်လွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်၍ ပင်ပွားနှုန်းကောင်းပြီး စပါးထွက်နှုန်းပိုများခြင်း၊ လုပ်သားအင်အားလျှော့ချနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)