တောင်ဥက္ကလာပမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက "အာဇာနည်နေ့တို့မမေ့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ဆုရရှိသူများအား တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ Book Club အဖွဲ့ဝင်များ၊ အမှတ်(၅)အခြေခံပညာအထက်တန်း‌ကျောင်းမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သီတာအေး (ပြန်/ဆက်)