ဒဂုံတောင် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်း၊ သောက်သုံးရေများတွင် ရေသန့်စင်ဆေးပြားခတ်ပေးခြင်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများ စသည့် ပြည်သူများစုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ ၂၁ရပ်ကွက်၊ ဦးကြီးများလမ်းနှင့် ၆၄ရပ်ကွက်၊ ချင်းတွင်းလမ်းရှိ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနအိမ်ရာ၊ ဝန်ထမ်းမိသားစုလိုင်းခန်းများ၊ ၂၀ရပ်ကွက်၊ ဖူးကြီးလမ်း၊ အင်ဂျင်နီယာနဌာန (လမ်း/တံတား)၊ အင်ဂျင်နီယာနဌာန (ရေစီး/ရေလာ)၊ ၁၀၇ရပ်ကွက်၊ ဥက္ကာ(၃)လမ်း၊ အမှတ်(၁)ရေပေးဝေရေးမိသားစုလိုင်းခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်းကာ သုံးစွဲနေသောရေလှောင်ကန်များကို ကလိုရင်းဆေးခတ်ပေးခြင်း၊ အနီးပတ်ဝန်းကျင်ထုံးဖြူးပေးခြင်း၊ ဆေးဖျန်းခြင်း၊ သောက်သုံးရေများအား Aquatabs (ရေသန့်စင်ဆေးပြားများ)ခတ်ပေးခြင်း၊ လက်သန့်ဆေးရည်များဖြန့်ဝေပေးခြင်း၊ ဓာတ်ဆားထုတ်များဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေးဗီနိုင်းချိတ်ဆွဲခြင်း၊ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးကြကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
နေမျိုးအောင်