ကျိုက်ထို ဇူလိုင် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့နံနက်ပိုင်းက ကံ့ကော်ရပ်ကွက် အောင်ချမ်းသာ(၄)လမ်းထိပ်၌ ရောင်းချပေးခဲ့သည်။
ဆီရောင်းချပေးရာတွင် တစ်ပိဿာလျှင် (၆၀၆၀)ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းရောင်းချပေးရာ စားသုံးသူပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါနေ့တွင် စားသုံးသူပြည်သူ(၁၁၀၀)ဦးတို့အား ဆီပိဿာချိန်(၁၁၀၀) ရောင်းချပေးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာအလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးရည်ရွယ်ကာ ယခုကဲ့သို့စီစဉ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို )