ပေါင် ဇူလိုင် ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် (၁၀)နာရီက အ.လ.က(သဲဖြူကုန်း)ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးကြည်စိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို အကျယ်တဝင့်ဟောပြောခြင်းအပြင် ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ အာဇာနည်နေ့အထိမ်းအမှတ်တို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)