အထက်မင်းလှ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု ရေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်၊ ဆီ ထောက်ပံ့ပေးခြင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်း မလွန်ကျေးရွာ စာကြောစာသင်တိုက်ရေဘေးကယ်ဆယ်ရေးစခန်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြစ်ရေကြီးမှုဖြစ်ပွားနေခြင်းကြောင့် ကျန်းမာရေးဂရုပြုနေထိုင်ကြရန်၊ ရေဝင်ရောက်၍ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား ထောက်ပံ့ပေးနေမှုများ၊ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေမှုများ၊ မြစ်ရေကြီးနေချိန်တွင် မြွေအန္တရာယ်သတိပြုနေထိုင်ကြရန်တို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စန်းစန်းမိုးက မြစ်ရေကြီးနေစဉ်တွင် မသန့်ရှင်းသောရေများ သောက်သုံးခြင်းမပြုရန်၊ ရေကိုကြိုချက်၍ သောက်သုံးရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခာများ ဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အချိန်မီကုသခြင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့မစခန်းမှူး ဒုရဲမှူး ကျော်သန်းထွဋ်က မြစ်ရေကြီးနေစဉ်တွင် ကျန်းမာရေးဝန်ကြီးဌာ၏ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များအတိုင်း ဂရုပြုလိုက်နာနေထိုင်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦး ကဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်အိမ်ထောင်စုများအား ဆန်၊ ဆီ ထောက်ပံ့ပေးခြင်း ပြုလုပ်ခဲ့ရာ မြို့မရပ်ကွက်၊ တောင်ရပ်ကွက်၊ ရုံးရပ်ကွက် တောင်ပိုင်းရပ်ကွက်၊ မလွန်ကျေးရွာ၊ ကဒကျေးရွာ၊ ပေတောကန္နားကျေးရွာ၊ ညောင်ပင်သာ(အရှေ့)၊ (အနောက်)ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု(၃၀၁)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား ထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု(၅၅၆)စု၊ လူဦးရေ(၂၂၄၆)ဦးအတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး ကျပ်(၂၁၀၀/)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၇၁၆၆၀၀/)ကို မင်းလှမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးနှင့် ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စုများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)