မွန်ပြည်နယ်အတွင်း ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များအား လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်

မော်လမြိုင် ဇူလိုင် ၁၇

ယခုကာလသည် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ အဖြစ်များသော မိုးရာသီကာလဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရလေ့ရှိသဖြင့် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများအလိုက် သက်ဆိုင်ရာဒေသများအတွင်း လိုက်လံလှည့်လည်၍ အသံချဲ့စက်ဖြင့် ကြေညာနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသည်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှဦးဆောင်၍ မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်၊ ကျိုက်ဖနဲရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်တို့တွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် ဇူလိုင်လအတွင်း ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးအသီးသီးတို့မှ အရာထမ်း၊ အမှုထမ်းများသည် မွန်ပြည်နယ်အတွင်း မြို့နယ်(၅)ခုမှ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ် ဖြစ်လေ့ဖြစ်ထရှိသော ရပ်ကွက်ကျေးရွာပေါင်း (၅၀)တို့ရှိ ပြည်သူများအား ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များအား လိုက်လံနှိုးဆော်ခြင်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အကြိမ်(၂၅)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

စည်သူ (ပြန်/ဆက်)