သံဖြူဇရပ်မြို့နယ်၊ အထက (ပင) တွင် ဥပဒေရေးရာနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သံဖြူဇရပ် ဇူလိုင် ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာဟော​ပြောခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အထက(ပင)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမြင့်ဇော်ဦးက မူးယစ်တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များနှင့် ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြစေရေးပြောကြားပြီး၊ ခေတ္တစခန်းမှူး ဒုရဲမှူးသန်းတင့်အောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းဝေစေရေးအတွက် သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကောင်းက ဥပဒေဆိုင်ရာ သိကောင်းစရာများဖြစ်သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဆိုင်ရာ လုပ်ငန်းများအကြောင်းကို ဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့်တကွ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခေတ္တမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)