ရေတာရှည် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ယနေ့နံနက် ၉ နာရီအချိန်က သပြေတန်းကျေးရွာ၌ မိုးစပါးမျိုးပွားစိုက်ခင်း စပါးမျိုးသစ် YSR-1 ၊ YMR – 20 စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုသည်။
ထို့သို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက သပြေတန်းကျေးရွာအတွင်း မိုးစပါးမျိုးပွားစိုက်ခင်း စမ်းသပ်စိုက်ပျိုးသည့် YSR-1 စပါးမျိုး (၁၀)ဧက၊ YMR-20 စပါးမျိုး (၁)ဧက စိုက်ခင်းများတွင် မျိုးစေ့တိုက်ရိုက်ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးထားရှိမှု၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိကာ လုပ်သားအင်အားဖြင့် စိုက်ပျိုးနေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်မှုများအား စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးပြောကြားသည်။ ရေတာရှည်မြို့နယ်အတွင်း ဆွာမြို့၊ သာဂရမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တွင် တောင်သူအများစုသည် စိုက်ပျိုးရေးစနစ်ကို အခြေခံလုပ်ကိုင်ကြပြီး စပါး၊ ပြောင်း၊ မတ်ပဲ၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ကြံနှင့် အခြားသီးနှံအမျိုးမျိုးတို့ကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ တစ်သီးစားစိုက်ပျိုးမှုမှ သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုးမှု များပြားလာခြင်းကြောင့် အချိန်တိုအတွင်း သီးနှံများစိုက်ပျိုးရောင်းချနိုင်ခြင်း၊ ကုန်ကျစရိတ်များ လျော့နည်းသက်သာခြင်း၊ ဝယ်လိုအားများ၍ စျေးကောင်းရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြောင်း ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)