မုဒုံမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မုဒုံ ဇူလိုင် ၁၇

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ဒေသဖွံ့ဖြိုးတိုးတက်စေ၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ လူသုံးကုန်များကို ပြည်တွင်းထုတ် အရည်အသွေးကောင်းမွန်သည့် သွင်းကုန်အစားထိုးကုန်ပစ္စည်းများအား တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်စေရန်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ကာ ပြည်သူများ၏စီးပွားရေးကို အဆင်ပြေချောမွေ့စေရန်အတွက် သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာမများက လူသုံးကုန်နှင့်အလှကုန်လုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းများအကြောင်း၊ ဘက်စုံသုံးဆပ်ပြာရည်အမျိုးမျိုး၊ အခြေခံမျက်နှာသစ်ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်နှင့် အမွှေးဆီပြုလုပ်နည်းများကို (၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)