မုဒုံ ဇူလိုင် ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ စာကြည့်တိုက်များအား စာအုပ်လှူဒါန်းပွဲနှင့် ပြပွဲပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ပြည်သူများနှင့် လူငယ်များ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်၍ ယဥ်ကျေးသိမ်မွေ့ကိုယ်ကျင့်တရား ကောင်းမွန်စေသည့် နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်(၇)တိုက်အတွက် သုတ၊ ရသ၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့်စာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းခဲ့၍ စာကြည့်တိုက်ကော်မတီဝင်များမှ လက်ခံရယူသည်။ ဆက်လက်၍ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား/ သူများမှ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုများအသီးသီးပေးအပ်ခဲ့ကာ အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်တို့ကို ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)