သာယာဝတီ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ် ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဘဒ္ဒန္တဣန္ဒာစရိယနှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်(၁၁)ပါး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးထက်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ ဘိုကြီးကုန်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသဒ္ဓမ္မောဒယ အရှင်သူမြတ်ကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေပြီးငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ဘုရားများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ပေးကြသည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြိုနယ်အဆင့် ဌာနဆိုင်များမှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးကြပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် သာယာဝတီမြို့၊ ရွှေဆယ်ဝတီဘိုးဘွားရိပ်သာမှ အဘိုး(၄)ဦး၊ အဘွား(၈)ဦး စုစုပေါင်း(၁၂)ဦးတို့အား တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှင့် လှူဖွယ်ပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်များမှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)