မအူပင် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်းသား၊ ကျောင်းသူလေးများ ဘင်ခရာအဖွဲ့မှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်အား အလေးပြုကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင် ကစားသမားများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ရာ အဖွင့်ပွဲစဉ်အဖြစ် ရေလဲတိုက်နယ်အသင်းနှင့် တန်တရာတိုက်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)