ပင်းတယမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်

ပင်းတယ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောသည်။ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ ဒုတိတယဦးစီးမှူး ဒေါ်ခိုင်ကြည်ဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)