တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများထံသို့ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

တံတားဦး ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့ ဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွေ့နေထိုင်ကြသည့် ပြည်သူများထံသို့ မန္တလေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားရာတွင် ရေဘေးရှောင်ပြည်သူများအနေဖြင့် သန့်ရှင်းသောရေကိုကြိုချက်၍သောက်သုံးသင့်ပါကြောင်း၊ ဒါ့အပြင် ပြောင်းရွေ့နေထိုင်သည့်ပတ်ဝန်းကျင်တွင် သန့်ရှင်းအောင် နေထိုင်သင့်ပါကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများကို တံတားဦးခရိုင် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်အိဖြူဖြူနှင်းမှ ဆန်ရိက္ခာဘိုးငွေ( ၁၀၈၇၈၀၀၀ )ကျပ် အပ်နှံပေးသည်။

ဆက်လက်၍ တံတားဦးခရိုင် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှတစ်ဆင့် မြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ်ပြောင်းရွေ့နေထိုင်သည့်ပြည်သူများအား လက်ဝယ်အရောက် ပေးအပ်သည်။

တံတားဦးမြို့နယ် အနေဖြင့် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာ ပေါင်း(၃၂)ရွာ၊ လူဦးရေပေါင်း (၅၁၈၀)ဦးတို့အား တစ်ဦးလျှင် ဆန်ရိက္ခာဘိုးငွေ (၂၁၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)