ပွင့်ဖြူ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးမှုအခြေအနေများ၊ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပွင့်ဖြူမြိုနယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးကြူက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ပါဝင်ရမည့် အကြောင်းအရာများနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)