ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေတွင်းရေကန်နှင့် သောက်သုံးရေကန်များအတွင်း ကလိုရင်းဆေးခပ်ခြင်းများဆောင်ရွက်

ရန်ကုန် ဇူလိုင် ၁၀

မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်၊ ကျေးရွာ(၃)ရွာအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ဈေးများအတွင်း ကလိုရင်းဆေးခပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်စသည့် သန့်(၄)သန့်တွင်ပါဝင်သော သုံးစွဲရေနှင့် သောက်သုံးရေသန့်ရှင်းစေရန်အတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ဘုန်ကြီးကျောင်းများရှိသုံးရေကန်များတွင် ကလိုရင်းဆေးခပ်ခြင်း၊ သောက်သုံးရေကန်များတွင် Aqua tabs (ရေဆူဆေးပြား)ခပ်ခြင်း၊ လက်သန့်ဆေးရည်နှင့်ဆပ်ပြာရည်များ ဆပ်ကပ်လှူဒါန်းခြင်းနှင့်  ဈေးများအတွင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာကျော်(ပြန်/ဆက်)