မဟာအောင်မြေမြို့နယ် အမှတ်(၃) အ.ထ.က ကျောင်း၌(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၀

မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးဝင်းဦးက အားကစားနှင့်ပတ်သက်သည်များကိုလည်း ဟောပြောခဲ့သည်။

ထို့နောက် မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အာဇာနည်နေ့နှင့်ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း၊ လွတ်လပ် ရေး၏ အနှစ်သာရကို မြန်မာနိုင်ငံအတွင်း မှီတည်နေထိုင်ကြသော တိုင်းရင်းသားအားလုံးအတူတကွ ခံစားနေရကြောင်း၊ ထို့ကြောင့် နောင်နှစ်ပေါင်းများစွာ လွတ်လပ်ရေးကို အစဉ်တည်တံ့ခိုင်မြဲစေရန် အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်သွားသင့်ကြောင်း စသည်များ ဟောပြောခဲ့ပြီး‌နောက် အားကစား ပစ္စည်းထောက်ပံ့ပေးခဲ့ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့သည်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးရဲမြင့်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား/သူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း