မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

မြန်အောင် ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က အ.ထ.က ထန်းသုံးပင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက “သန့်လေးသန့်”ကို လူတိုင်းသိရှိနားလည်ကြပြီး လူတိုင်းလိုက်နာကျင့်သုံးကြခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ရောဂါဘယများစွာတို့မှ ကင်းဝေးစေနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထွဋ်က သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ် ဆရာကြီး ဦးဝင်းဆွေဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်အောင်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြန်အောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦး၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းအတွင်း ရေကန်များ၊ ရေစည်များအတွင်းသို့ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းတို့အား ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဆရာမများနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြန်အောင်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း ဦးဆောင်၍ ကျောင်းမုန့်စျေးတန်းတွင် သန့်ရှင်းသပ်ရပ်ရေး၊ ယင်နားစာများ မရောင်းချရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)