စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့်စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းဆောင်ရွက်

ရေဦး ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဦးစီးအရာရှိနှင့် ၀န်ထမ်းများက လူကြီးလူငယ်အသက်အရွယ်အလိုက် ဖတ်ရှုသင့်သော  သုတ/ရသစာအုပ်များ စုံလင်စွာ ခင်းကျင်းပြသထားရာ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်‌ လေ့လာကြည့်ရှုကာ ဖတ်ရှုလိုသော စာအုပ်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့၀င်းမောင်က “ ကျွန်မတို့ ဌာနအနေနဲ့က ပြန်ကြားပေးရန်၊ ပညာပေးရန် ၊ ဖျော်ဖြေပေးရန် ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ပြည်သူကို ၀န်ဆောင်မှုပေးလျက်ရှိပါတယ်၊ ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများအနေနဲ့ လူတိုင်းစာဖတ်လိုစိတ်ရှိပြီး အမှန်တကယ် စာဖတ်လာစေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းကနေတဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်၊ ဒေသခံပြည်သူများအနေဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကာ မိမိဖတ်ရှုလိုသောစာအုပ်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ထားသလို ဌာန၀န်ထမ်းများနှင့် ကွင်းဆင်းငှားရမ်းပေးနိုင်ရေး စီစဉ်ထားပါတယ် ဟု" ပြောကြားသည်။

သန်းသန်း(ပြန်/ဆက်)