မကွေး ဇူလိုင် ၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းတို့က မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား တွေ့ဆုံပွဲကို ယမန်နေ့က တိုင်းဒေသကြီး၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရန်၊ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက အစိတ်အပိုင်းတစ်ရပ်အဖြစ် စနစ်တကျ ပါဝင်ဆောင်ရွက်နိုင်စေရန်၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်စေရန်၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများက မိမိတို့၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရရှိစေရန်၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိစေရန် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းပြောကြားကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)