ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတက်ရောက်

စစ်တွေ ဇူလိုင် ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ကန်တော်ကြီးရေလှောင်ကန်တွင် ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပန်း၊ ဆီမီး၊ ရေချမ်းများဆက်ကပ်လှူဒါန်းကြသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် လှိုင်ဂူအတွင်းနှင့် ရင်ပြင်တော်တို့၌ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများကသန့်ရှင်းသာယာရေးအတွက်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော်ကြီးရေလှောင်ကန်တွင် ပြုလုပ်သည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲသို့တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့၏ ရေအရင်းအမြစ် တစ်ခုဖြစ်သည့် ကန်တော်ကြီးရေးလှောင်ကန်သည် ကန်ဧရိယာတိုးချဲ့တူးဖော်ဆောင်ရွက်ခဲ့သော်လည်း သိုလှောင်နိုင်သည့် ရေပမာဏသည် လုံလောက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဖြစ်ရခြင်း အကြောင်းအရင်းမှာ ရေလှာင်ကန်အတွင်း နုန်းအနည်အနှစ်များ ဝင်ရောက်ပို့ချခြင်းနှင့် ပြင်းထန်သည့် အပူဒဏ်ကြောင့် ရေငွေ့ပျံပြီး သိုလှောင်ထားသည့် ရေပမာဏလျော့နည်းဆုံးရှုံးခြင်း၊ ထို့ပြင်ရေသုံးစွဲ မှုတိုးတက်များပြားလာခြင်းတို့ကြောင့် ဖြစ်သည်ကို ယေဘုယျအားဖြင့် သုံးသပ်တွေ့ရှိရကြောင်း၊ ရေငွေ့ပျံပြီး ဆုံးရှုံးရခြင်းမှာ ကန်ရေပြင်ပေါ်ကို တိုက်ရိုက်ကျရောက်သည့် ပူပြင်းသောနေရောင်ခြည် ကြောင့်ဖြစ်သကဲ့သို့ ကန်နံဘေးပတ်ဝန်းကျင်မှာရှိသည့် မြေသားများသည် သစ်တောသစ်ပင်ကြီးများ အဖုံးအကာမရှိသည့်အတွက် မြေအပူချိန်မြင့်မားပြီး ရေငွေ့ လွင့်ပျံမှုနှုန်းကို ပိုမိုများပြားစေခြင်းကြောင့် ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များကင်းမဲ့ခြင်းကြောင့် ကန်တော်ကြီး၏ရေဝေရေလဲ့ဒေသအတွင်း ရေတိုက်စားခြင်းပိုမိုဖြစ်ပေါ်လာပြီး ရေလှောင်ကန်အတွင်း နုန်းအနည်အနှစ်များ ပိုမိုဝင်ရောက်ပို့ချမှု ဖြစ်ပေါ်စေကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုကို တားဆီးကာကွယ်ရန်အတွက် သစ်ပင်စိုက်ပျိုးခြင်းနည်းလမ်းသည် အလွန်ထိရောက်မှုရှိပြီး အခြားနည်းပညာများနှင့် နှိုင်းယှဉ်လျှင် ငွေကြေးကုန်ကျမှုသက်သာသည့်အတွက် ကမ္ဘာတစ်ဝှမ်းတွင်အလေးပေးဆောင်ရွက်လာကြသကဲ့သို့ မိမိတို့အနေဖြင့်လည်း အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ကန်တော်ကြီး ရေလှောင် ကန်ပတ်လည်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များစိုက်ပျိုးရန် လမ်းညွှန်မှာကြားထားကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်ပေါင်း ခုနှစ်ခုနှစ်ရာ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သစ်ပင်များစိုက်ပျိုးထိမ်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ရာသီဥတုမျှတသာယာခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများစွာကို ရရှိစေကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများ၊ ဆက်စပ်ဌာနများ အားလုံးဝိုင်းဝန်းပူးပေါင်းပြီး နှစ်စဉ်စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စစ်တွေကန်တော်ကြီး ပတ်လည်မှာစိုက်ပျိုးထားသည့် သစ်တောသစ်ပင်များ ကြီးထွားမှုကောင်းမွန်စေရေးနှင့် ပျက်စီး ဆုံးရှုံးမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ ပြုစုထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်သကဲ့သို့ ကန်ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်း ပါဝင်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးကြမည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များအား ပျိုးပင်များပေးအပ်ကြကာ ပြည်နယ် ဝန်ကြီးချုပ်က ကံ့ကော်ပင်အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက မဟော်ဂနီပင်အား လည်းကောင်းစိုက်ပျိုးပေးကြသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များက ရေတမာ၊ မန်ဂျန်ရှား၊ စိန်တံခြူစသည့် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်ပေါင်း ၁၂၁၀ ပင်ကို စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)