မင်းဘူးခရိုင်၌ ငါးနှစ်တာကာလအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အမျိုးအစားအလိုက် အကြိမ်ရေပေါင်း ၃၅၀ ကျော်အထိ ဖြစ်ပွားခဲ့

မင်းဘူး  ဇူလိုင်         ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း မီးဘေး၊ ရေဘေး၊ လေဘေး၊ ကမ်းပြိုဘေး၊ မိုးကြိုးဘေး၊ သစ်ပင်ပြိုလဲ စသည့် ထူးခြားဖြစ်စဉ် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အမျိုးအစားအလိုက် အကြိမ်ရေပေါင်း ၃၅၀ ကျော်အထိဖြစ်ပွားမှုရှိခဲ့ကြောင်း မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

ဘေးဖြစ်ပွားခဲ့မှု

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်၌ သဘာဝဘေး ဖြစ်ပွားခဲ့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း မီးဘေး ၄၉ ကြိမ်၊ ရေဘေး ၃၅ ကြိမ်၊ လေဘေး ၁၁၈ ကြိမ်၊ ကမ်းပြိုဘေး ၁၁၈ ကြိမ်၊ မိုးကြိုးဘေး ၈ ကြိမ်၊ သစ်ပင်ပြိုလဲ သေဆုံးမှုတစ်ကြိမ်၊ တိုက်ပွဲရှောင် ၁၇ ကြိမ်နှင့် ထူးခြားဖြစ်စဉ် ၇ ကြိမ်၊ စုစုပေါင်း အကြိမ်ရေ ၃၅၃ အကြိမ်အထိဖြစ်ပွားကာ အိမ်ထောင်စုပေါင်း ၉၁၅၇ ဦး၊ လူဦးရေပေါင်း ၃၃၆၃၁ ဦး ဘေးသင့်ခဲ့ရပြီး ဘာသာရေးအဆောက်အအုံ အလုံး ၄၀ ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိသူ ၁၈ ဦးနှင့် သေဆုံးသူ ၂၉ ဦးအထိရှိခဲ့ကြောင်း၊ အဆိုပါ သဘာဝဘေးဖြစ်ပွားခဲ့မှုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုအနေဖြင့် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၅၀,၂၃၁၉,၁၄၅ ကျပ်သိန်း (ကျပ်သိန်းပေါင်း ငါးထောင်ကျော်)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ပြောသည်။

ကြိုတင်ကာကွယ်ရေး

ယခုလက်ရှိ မိုးတွင်းကာလ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေကြီးရေလျှံမှု များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာနက မင်းဘူးခရိုင် အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များအပြင်မီးသတ်ဦးစီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ နယ်မြေခံမီးသတ်စခန်းများ တွင်လည်း အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် တစ်မြို့နယ်လျှင် တပ်စုတစ်စုကို ၃၅ ဦး နှုန်းဖြင့် တပ်စုပေါင်းငါးစု၌ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၇၅ ဦးဖြင့် အရန်သင့်ဖွဲ့စည်းထားရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်းပြီး မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ ကမ်းပြိုဘေး စသည့် သဘာဝဘေးအမျိုးအစားအလိုက် အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်စုအဖွဲ့လိုက် လေ့ကျင့်ခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း လေ့ကျင့်ခြင်းများအပြင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များက ဧရာမြစ်ကမ်းဘေးတစ်လျှောက် မြို့ပေါ်ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းကျေးရွာ များသို့ စဉ်ဆက်မပြတ် သွားရောက်ကွင်းဆင်းပြီး ဆောင်ရွက်ရှိကြောင်း မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်မီးသတ် ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

လက်ရှိမြစ်ရေအခြေအနေ

ယခုလက်ရှိ မင်းဘူးခရိုင်၌ ဧရာဝတီမြစ်ရေသည် နေ့စဉ် တဖြေးဖြေးမြင့်တက်လျက် ရှိပြီး ဇူလိုင် ၆ ရက် နံနက် ၆ နာရီခွဲအချိန်အထိ ၁၂၇၃ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မင်းဘူးမြို့ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မြစ်ရေအမှတ် ၁၅၀၀ စင်တီမီတာကျော်သို့ ရောက်ရှိမှသာ ဧရာဝတီ မြစ်ကမ်းဘေး တစ်လျောက် မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဧရာဝတီမြစ်ရေ စတင်ဝင် ရောက်လေ့ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)