ပခုက္ကူတက္ကသိုလ်၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က မိမိတို့၏တိုင်းပြည်နှင့်လူမျိုးအပေါ်တွင် ပိုမိုချစ်မြတ်နိုးတတ်လာစေရန်၊ အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်လာစေရန်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုင်းတစ်ပါးများ၏ကျူးကျော်စော်ကားမှုကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ တိုင်းရင်းသားလူမျိုးများအားလုံး ပိုမိုစည်းလုံးညီညွတ်လာစေရန်တို့အတွက်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှတွဲဖက်ပါမောက္ခ ဒေါက်တာအောင်အောင်လှက နိုင်ငံသားတိုင်းတွင်ထားရှိရမည့် အခြေခံတိုင်းပြည်ချစ်စိတ်ဓာတ်၊ လူမျိုး၊ ဘာသာမရွေးမိမိတို့၏ တိုင်းပြည်၊ ဘာသာစာပေ၊ ယဉ်ကျေးမှုထုံးထမ်းအစဉ်အလာများ ချစ်မြတ်နိုးသည့်စိတ်၊ မြန်မာ့ရာဇဝင်သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး လှုပ်ရှားဆောင်ရွက်မှုများ၊ အမျိုး၊ ဘာသာ /သာသနာကို ကာကွယ်ထိန်းသိမ်းလိုသည့်စိတ်၊ အနာဂတ်နိုင်ငံတော်ကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် မျိုးဆက်သစ်လူငယ်များ မွေးမြူထားရှိရမည့်စိတ်ဓာတ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်အကြောင်းအရာတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ကြပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့်ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)