ပွင့်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်းသီးနှံ ၁၄၀၉၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်းသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စိုက်ဧက ၁၃၃၉၅ ဧက စိုက်ပျိုးရန်လျာထားရှိပြီး ဒေသခံတောင်သူများက ဇွန်လ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၄၀၉၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်ပြီး မိုးနှမ်းစိုက်ပျိုးမှုကို တစ်မြို့နယ်လုံး ၁၃၃၉၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဇွန်လပထမပတ်က စတင်စိုက်ပျိုးခဲ့ပြီး ယနေ့အထိမြေပြင်စိုက်ပျိုးပြီးဧက ၁၄၀၉၂ ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ပါတယ်။ နှမ်းသီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူတွေကို တစ်ဧက ပန်းတိုင်အထွက်နှုန်းတွေ ရရှိစေဖို့အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနည်းပညာတွေနဲ့ အထွက်နှုန်းကောင်းမွန်တဲ့ ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်တွေကို သိရှိလိုက်နာနိုင်ရန် တောင်သူပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီဒေသက စိုက်ပျိုးရေဖူလုံတဲ့အပြင် စိုက်ပျိုးမြေလည်း ကောင်းမွန်တဲ့အတွက် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုလက်ရှိမှာ နှမ်းဈေးကလည်း ကောင်းမွန်နေတာကြောင့် ဒေသခံတောင်သူတွေက မိုးသီးနှံစိုက်ပျိုးရာသီမှာ နှမ်းစိုက်ပျိုးရေးကို ပိုမိုအားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန် အတွက် ဈေးကွက်ရှိသည့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ အစေ့ထုတ်ပြောင်း၊ ကြံသီးနှံနှင့် အခြား ပဲသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ ဒေသခံတောင်သူများ သီးနှံများစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနကလိုအပ်သည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)