ဘိုကလေးမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိအပါအဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ နည်းပြများ၊ သင်တန်းသား/သူများ အင်အား (၆၀၀) ဦးခန့် တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပညာရေးဒီဂရီကောလိပ်တွင် သင်တန်းတက်ရောက်နေကြသော ဆရာ/မ လောင်းလျာများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာကြမည့်အလျောက် အဂတိတရားကင်းစွာဖြင့် နိုင်ငံတော်အားအကျိုးပြုဆောင်ရွက်ရန်၊ အဂတိတရား၏ မဖြူစင်မှုသဘောများကို မိမိတို့ကိုယ်တိုင် သိရှိနားလည်ပြီး လုပ်ငန်းခွင်စာသင်ကျောင်းများသို့ ရောက်သောအခါ မိမိတို့၏တပည့်များအား ပြန်လည်မျှဝေအသိပညာပေးခြင်းဖြင့် အနာဂတ်နိုင်ငံတော်အား အဂတိ ကင်းသော နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်နီလာထွန်းက အဂတိ၏အဓိပ္ပာယ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ရှားရမည့် အချက်များ၊ အဂတိလိုက်စားမှုနှင့် ပတ်သတ်သည့် ပြစ်မှုပြဏ်ဒဏ်များအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)