ရေနံချောင်း ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အထွေထွေရောဂါ ဝေဒနာလူနာများအား ရောဂါဝေဒနာခံစားရမှု သက်သာပျောက်ကင်းစေရန်အတွက် မင်းဘူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ဇူလိုင်လ (၁၀) ရက်နေ့ တွင် ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အခမဲ့နယ်လှည့်ကွင်းဆင်း ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆေးကုသရာတွင် မင်းဘူးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများအဖွဲ့က ရေနံချောင်းမြို့နယ်အတွင်းရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအကြော၊ သားဖွားမီးယပ်၊ ကလေး၊ ဓာတ်မှန်၊ ခွဲစိတ်၊ အထွေထွေဆေးကုသပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အခမဲ့ဆေးကုသပေးရာတွင် ရောဂါဝေဒနာအလိုက် ထိရောက်စွာဆေးကုသပေးနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဇူလိုင် ၆၊ ၇၊ ၈၊ ၉ ရက်နေ့များတွင် ပြင်ပလူနာဌာန၌ ကျန်းမာရေးကြိုတင် စစ်ဆေးစာရင်း ကောက်ယူကာ အသိအမှတ်ပြုစာအုပ်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ သိရှိစေရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း ဆေးကုသပေးရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်အသင်း၊ မြို့နယ်ကျန်းမာရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)