မော်လမြိုင် ဇူလိုင် ၅
မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွါးရေးသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားတိုင်းအနေဖြင့်ဥပဒေကို သိရှိလိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်ကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရန် အသိပညာပေးခြင်းသည် အရေးပါသော အခန်းကဏ္ဍာတွင်ပါဝင်နေသည့်အတွက် ယခုလို ဥပဒေအသိ ပညာပြန့်ပွားရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုက တရားဥပဒေကိုသိရှိလိုက်နာမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်၍ ဥပဒေပညာပြန့်ပွားရေးကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်အနေဖြင့်လည်း မိမိတို့ဌာနနှင့် သက်ဆိုင်သော ဥပဒေများကိုသာ သိရှိနေရုံပြမလုံလောက်ဘဲ ပြဋ္ဌာန်းဥပဒေများ၊ အရေးကြီးသည့် ဥပဒေများကိုလည်း သိရှိလိုက်နာရန် လိုက်နာကျင်သုံးကြရန်နှင့် ယခုပို့ချသော ဥပဒေများအပြင် တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေနှင့်အညီ နိုင်ငံတော်မှ ပြဋ္ဌာန်းသောဥပဒေများကို မျက်ခြေမပြတ် လေ့လာသွားကြရန်တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေဆိုင်ရာ၊ သိကောင်းစရာများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွါးရေးသင်တန်း အမှတ်စဉ်(၁)တွင် ဥပဒေအရာရှိများမှ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် ဆက်သွယ်ရေးဥပဒေ ဘာသာရပ်တို့အား အသီးသီးသင်ကြားပို့ချခဲ့ရာ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွါးရေးသင်တန်း အမှတ်စဉ်(၁)ကို သင်တန်းသား၊ သင်တန်းသူ(၈၂)ဦးဖြင့် သင်တန်းကာလ(၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)