လက်ပံတန်းမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏အရေးပါမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

လက်ပံတန်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု ဆက်စပ်ပုံကို သိရှိနားလည်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရန်၊ သစ်တောများ၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လက်ပံတန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သစ်တောသစ်ပင်၏ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးပြောကြားပြီး အလယ်တန်းပြဆရာမ ဒေါ်ခင်မာသင်းက သဘာဝပတ်ဝန်းကျင်အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထိုက်က “သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး Korea- Myanmar REDD+Joint Project မှ ပံ့ပိုးမှုဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာအုပ်စာတမ်းများနှင့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)