မကွေး ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၄) ကို ဇူလိုင်လ ၄ ရက် နေ့လယ် ၂ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်(၉)ရပ် ချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်လျက်ရှိရာ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်တစ်ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာဖူလုံရေးသာမက လယ်ယာထုတ်ကုန်များဖြင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေးအတွက် မူဝါဒများတိတိကျကျချမှတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လယ်ယာမြေဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်စည်းကမ်းချက်များကို လိုက်နာစေရန်ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူဆောင်ရွက်ခြင်းနှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာမြေလျော့ပါးမှုမရှိစေဘဲ စားနပ်ရိက္ခာဖူလုံမှုရှိစေဖို့နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်ကိစ္စရပ်မှာ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို့သာမက သားငါးကဏ္ဍထုတ်လုပ်မှု တိုးတက်စေဖို့လည်း အရေးကြီးကြောင်း၊ ယခု အစည်းအဝေးတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ မြေအတွက်လျော်ကြေးနှင့် သီးနှံအတွက်နစ်နာကြေး ပေးလျော်ရန်တင်ပြသည့်အမှုတွဲနှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံလျှောက်ထားလာသည့် မြေယာအယူခံအမှုတွဲတို့နှင့်ပတ်သက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်အားလုံးအနေဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြကြဖို့ ပြောလိုကြောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးတို့ကိုရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့်ဌာန၊ အဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၃/၂၀၂၄)အစည်းအဝေးတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ မြေအတွက်လျော်ကြေးနှင့် သီးနှံအတွက်နစ်နာကြေး ပေးလျော်ရန်တင်ပြသည့် အမှုတွဲ(၁)တွဲနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံလျှောက်ထားလာသည့် မြေယာအယူခံ အမှုတွဲ(၃)တွဲတို့နှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးနိုင်ရန် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကာ၊ တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ