ဘီးလင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း (အုတ်ဖို)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဘီးလင်း ဇူလိုင် ၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း၊ (အုတ်ဖို)၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ရီရီခိုင်က ကျောင်းသား၊ ကျောင်းသူများအား ပြင်ပဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နယ်လှည့်အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များ စသည့် ကလေးစာပေများကို ဖတ်ရှူစေခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား ၎င်းတို့ဖတ်ရှူလေ့လာထားသည့် စာအုပ်များဖြင့် ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ပြုလုပ်ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)