ကျိုက်လတ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) ရပ်ကွက်၊ စက်မှုလယ်ယာအဝင်လမ်းနှင့် ပေါင်းဆန်စက်ရုံအဝင်လမ်းဆုံရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်က တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကွမ်းသီးပင်စု၊ သမက်ပြေလေး၊ ကညင်ကိုင်း၊ ကွင်းချောင်း၊ လက်ခုပ်ပင်၊ ချောင်းဒါးမရိုက်၊ ကျောင်းစု၊ အိုးဘိုစု စသည့် ကျေးရွာ (၈) ရွာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း ကော်မတီအဖွဲ့ဝင်များအား ရန်ပုံငွေသိန်း (၁၅၀) ကျပ် နှင့် အဟူးကျေးရွာအုပ်စု ကျခတ်စုကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကန်းကော်မတီအဖွဲ့ဝင်အား ရန်ပုံငွေသိန်း (၃၀၀) ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလက်ရှိ၌ VDP စီမံကိန်းကျေးရွာ (၈) ရွာနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ (၁) ရွာ အတွင်းရှိကျေးလက်နေ ပြည်သူများကိုယ်တိုင် မိမိဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးပကတိလိုအပ်ချက်အတွက် ပြည်သူများကိုယ်တိုင်ဖော်ထုတ်၍ ကိုယ်တိုင်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

လှိုင်မင်းအောင်